Thursday, February 15, 2024

Unloading and Receiving (ပစ္စည်းချခြင်းနှင့် ပစ္စည်းလက်ခံခြင်း)

Unloading and Receiving

Warehouse Opeartion မှာ ပထမဆုံး လုပ်ငန်းစဉ် လို့ပြောလို့ရတဲ့ Unloading and Receiving Procedure - ဝင်လာတဲ့ ပစ္စည်းတွေကို ပစ္စည်းချခြင်းနှင့် ပစ္စည်းလက်ခံခြင်း လုပ်ငန်းစဉ်အကြောင်းကို စာအုပ်ကြီးအတိုင်း မပြောပဲ တကယ့်လက်တွေ့ လုပ်ငန်းခွင်မှာ ဘယ်လိုလုပ်ရလဲ၊ ဘယ်လိုလုပ်သင့်လဲ ဆိုတာကို အဓိကထား တင်ပြထားပါတယ်။

Receiving ကို (၃)မျိုးခွဲပြီး ပြောပါမယ်။

  1. Bulk (or) Shipment Unloading and Receiving - ကွန်တိန်နာ (သို့မဟုတ်) ထရပ်ကားနှင့် ဝင်လာသောပစ္စည်းများကို ချယူခြင်းနှင့် လက်ခံခြင်း၊
  2. Normal / Daily Receiving - ပုံမှန် / နေ့စဉ် လာပို့သော ပစ္စည်းများကို လက်ခံခြင်း၊
  3. Return Item ReceivingCustomer ထံမှ ပြန်ပို့သော ပစ္စည်းကို လက်ခံခြင်း၊


1. Bulk (or) Shipment Unloading and Receiving - ကွန်တိန်နာ (သို့မဟုတ်) ထရပ်ကား နှင့် ဝင်လာသောပစ္စည်းများကို ချယူခြင်းနှင့် လက်ခံခြင်း၊

1.1 Unloading Process (ပစ္စည်းချခြင်း လုပ်ငန်းစဉ်)

1.1.1 ပစ္စည်းမချခင် ကြိုတင် ပြင်ဆင်ခြင်း

Bulk (or) Shipment Receiving လုပ်ငန်းစဉ်မှာတော့ Receiving မစခင် Container / Truck ပေါ်က ပစ္စည်းချတဲ့ လုပ်ငန်းစဉ် (Unloading) အရင်လုပ်ရမှာဖြစ်တဲ့အတွက် အောက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်ရပါမယ်။
  • Procurement (သို့မဟုတ်) ပစ္စည်းသွင်းဖို့ စီစဉ်သူထံမှ ကွန်တိန်နာ အချက်အလက် (Container information)၊ ရောက်လာမည့် ပစ္စည်းစာရင်း (Packing List) နှင့် ရောက်မည့် နေ့/အချိန်တို့ကို လက်ခံရရှိပြီးသား ဖြစ်ရပါမယ်။
  • Packing List ပါ ဂျပ်ပုံးဆိုဒ်များ ၊ အရေအတွက်များ ၊ အမျိုးအမည်များကို Warehouse Incharge မှ သေချာလေ့လာ/ သုံးသပ်/ တွက်ချက်ပြီးနောက် အောက်ပါအချက်များကို အသင့် ပြင်ဆင်ထားရပါမယ်။
    • Receiving လုပ်ဖို့ လုံလောက်သောနေရာ (နေရာလွတ် မရှိသေးရင် Receiving Area ကို ရှင်းထားရန်) 
    • လုံလောက်သော လူအင်အား - Labor / စက်ကရိယာ (Forklift / Pallet Jack / Roller conveyor) စသည်၊
    • သန့်ရှင်းခြောက်သွေ့၍ အသင့်အသုံးပြုနိုင်ရန် လုံလောက်သော ပဲလက် အရေအတွက်
    • ညအချိန် Unloading လုပ်မည်ဆိုပါက ဆလိုက်မီးများ၊ အားသွင်း လက်နိပ်ဓါက်မီးများ အသင့်ထားရှိရန်၊
    • မိုးတွင်းဖြစ်ပါက မိုးကာရွက် နှင့် ဆိုင်းကြိုး များ (ပစ္စည်းများရေစို ပျက်စီးခြင်းမရှိစေရန်)

1.1.2 Unloading  - ပစ္စည်းချခြင်း

·     ပစ္စည်းက ကွန်တိန်နာ နှင့် ရောက်ရှိလာပါက တံခါးမဖွင့်ခင်၊ ကွန်တိန်နာ နံပါတ်၊ Seal နံပါတ် တို့ကို တိုက်ဆိုင် စစ်ဆေးပါ၊ ကွန်တိန်နာ အတွင်းကို ရေဝင်နိုင်တဲ့ အပေါက်တွေပါမပါ၊ ပိန်ချိုင့် နေတာတွေ ရှိမရှိ ကွန်တိန်နာရဲ့ (၆) မျက်နှာစလုံးကို စစ်ဆေးပါ။

·     ထိုနည်းတူ ပစ္စည်းက ထရပ်ကား / Box ကား နှင့် ရောက်လာပါက ကားအတွင်းကို ရေဝင်နိုင်တဲ့ အနေအထား၊ အတွင်းက ပစ္စည်း‌ပျက်စိးနိုင်တဲ့ အနေအထား ရှိ/မရှိကို မိုးကာ / Box တံခါးမဖွင့်ခင် စစ်ဆေးပါ။

·          အတွင်းထဲ ရေဝင်နိုင်တဲ့ အနေအထား၊ အတွင်းထဲက ပစ္စည်းတွေ ပျက်စီးနိုင်မယ့် အနေအထား တွေ့ရှိပါက တခါးမဖွင့် / ပစ္စည်းမချသေးပဲ သက်ဆိုင်ရာကို အကြောင်းကြားပြီး ပစ္စည်းချလို့ ရ၊ မရ ဆုံးဖြတ်ချက် ရယူပါ။

·         ကွန်တိန်နာ တခါးဖွင့်တော့မယ်ဆိုရင် ကွန်တိန်နာအတွင်းမှ ရုတ်တရက်ပစ္စည်းများပြိုပြီး တွန်းထိုးထွက် ကျလာနိုင်တဲ့အတွက်၊ အရင်ဆုံး ကွန်တိန်နာတံခါးတစ်ခြမ်းကိုသာ  သေချာစွာသတိထားဖွင့်၍ အတွင်းကို စစ်ဆေးပြီးမှ နောက်တံခါးတစ်ခြမ်းကို ဖွင့်ပါ။

·         Packing List က ပစ္စည်းစာရင်း (item list) ကိုစစ်ပါ၊  ချရမယ့် ပစ္စည်းက တစ်မျိုးထက် ပိုနေရင် ပစ္စည်းစချတာနဲ့ အမျိုးအစား လိုက်ခွဲပြီး ချ၊ ပုံထားပါ။ (အမျိုးအစား အလိုက် ခွဲချ/ပုံ ထားပုံကို) ပူးတွဲပါ ပုံမှာ ကြည့်ပါ။ လေဘာဂိုဏ်းကို သုံးပြီး ပစ္စည်းချတာ ဆိုရင် သူတို့ကို သေချာရှင်းပြပါ၊ (ပစ္စည်းမတူတာတွေကို  ရောချ / ပုံထားမိပါက ပစ္စည်းစစ်ရ၊ ပြန်ခွဲ ရရင် အချိန်ကုန်၊ ‌ငွေကုန်၊ လူပန်း ဖြစ်ပြီး လုပ်ငန်း မတွင်ပါ)

·         ပစ္စည်းချနေရင်း အပေါ်လွှာက ဂျပ်ပုံးတွေပေါ်တက်ဖို့လိုအပ်ပါက  ဂျပ်ပုံးတွေရဲ့ အလယ်ကို ခြေထောက်နှင့် မနင်းရ (ပိတ်ထားတဲ့တိပ်တွေကွဲပြီး ၊ ဂျပ်ပုံးပျက်စီနိုင်) ဂျပ်ပုံး တစ်ပုံးနှင့်တစ်ပုံး ဆုံတဲ့ အစပ်၊ ထောင့် ကိုသာနင်းရန်။


 11.1.3 ချထားတဲ့ ပစ္စည်းတွေကို မြန်မြန်ပြီးအောင် ဘယ်လိုစစ်မလဲ

    ပစ္စည်း အရေအတွက် စစ်တဲ့အခါ ပထမအဆင့် အနေနဲ့ ချထားတဲ့ ဂျပ်ပုံး / Carton အရေအတွက်နဲ့ Packing List ထဲက အရေအတွက် ကိုက်မကိုက်စစ်ပါ။ Storage Area က Racking တွေပေါ်ကို မတင်သေးပဲ ဒုတိယအဆင့်အနေနဲ့  Carton box ရဲ့ အတွင်းထဲမှာ တစ်ခုထက်ပိုထည့်ထားတဲ့ Packing မျိုးဆိုရင် Carton တိုင်းမှာ အပြည့်ပါ မပါ စစ်ရပါမယ်။ (ဥပမာ - ၁ ကာတွန်းမှာ  မျက်နှာသစ်ဆပ်ပြာ ၁၂ ဗူးပါတဲ့ Packing မျိုးဆိုပါတော့)။ စစ်တဲ့အခါလည်း ၊ Main Stock တွေနှင့် မရောအောင် Receiving Area (သို့မဟုတ်) Loading Bay မှာ ပဲစစ်သင့်ပါတယ်။

    ဒါပေမယ့် Container တစ်လုံး / Truck ကားတစ်စီးစာချထားတဲ့ ကာတွန်:တိုင်းကို ဖောက်စစ် / ပြီး ပြန်ပိတ်ရမယ်ဆိုရင် အချိန်ရော ၊ လူအင်အားရော အတော် ပေးရမှာပါ။ ဒါကြောင့် မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ပြီးအောင် အောက်ပါနည်းအတိုင်း စစ်နိုင်ပါတယ်။

  1. အနည်းဆုံး (၃) carton လောက်ကို ဖွင့်ပြီး  အတွင်းထဲက ပါရမယ့် အရေအတွက် ပြည့် မပြည့် စစ်ပါ၊
  2. အတွင်းထဲက ဘူးတွေအားလုံး သတ်မှတ်ထားတဲ့ အလေးချိန်၊ အနေအထား ရှိမရှိ စစ်ပါ၊
  3. ပြီးရင် တစ်ကာတွန်းကို အချိန်ဘယ်လောက်စီးလဲ သင့်တော်တဲ့ ဒစ်ဂျစ်တယ်ချိန်ခွင်နဲ့ချိန်ပါ၊
  4. (၃) ကာတွန်းလုံးကို တစ်လှည့်စီ ချိန်ပါ၊ တစ်လုံးစီရဲ့အချိန်ကို မှတ်ထားပြီး ပျမ်းမျှ အချိန်ကိုယူပါ။
  5. အခြားကာတွန်းတွေကို ဖောက်စစ်စရာ မလိုတော့ဘဲ ချိန်လိုက်တဲ့အခါ အပေါ်က ပျမ်းမျှ အချိန်နဲ့ တူတယ်၊ တော်တော်နီးစပ်တယ် ဆိုရင် အတွင်းက ပစ္စည်းတွေ အလျှော့မရှိပါဘူး၊
  6. ချိန်ခွင်ရဲ့ ခံနိုင်တဲ့ ဝိတ်ပေါ်မှာ မူတည်ပြီး ၃-၄ ကာတွန်း တစ်ခါထဲ ချိန်လို့ရပါတယ်။ (ဥပမာ၊ ပျမ်းမျှ တစ်ကာတွန်းကို ၂ kg ဆိုရင် (၄) ကာတွန်းပေါင်းချိလိုက်တဲ့အခါ (၈) kg ဆို - ကာတွန်း အတွင်းမှာပါတဲ့ပစ္စည်း အလျှော့မရှိဘူးပေါ့။)
  7. ပစ္စည်း အလျှော့၊ အပျက်၊ အလွဲ တွေ့ပါက အရည်အတွက် အတိအကျကို သေချာမှတ်သားပြီး သက်ဆိုင်ရာဌာန (Purchasing / Finance / Shipping, Sales စသည်) တို့ကို အကြောင်းကြားပါ။

လက်ခံပစ္စည်း အရေအတွက်ကို စာရင်းသွင်းပါ။***

2. Normal / Daily Receiving - ပုံမှန် /နေ့စဉ်လာပို့သော ပစ္စည်းများကို လက်ခံခြင်း


Purchasing / သို့မဟုတ် သက်ဆိုင်ရာဌာန က Warehouse ကို လက်ခံဖို့ ပြောထားတဲ့ အထောက်အထား (Email / DO / PO စသည်) ရှိမှ လက်ခံပါ။
နေ့စဉ်လက်ခံရတဲ့ ပစ္စည်းတွေဟာ - ကာတွန်းအပြည့် မဟုတ်ပဲ အပြေတွေပါ လက်ခံရလို့ရှိရင် လာပို့တဲ့ သူဆီက DO (Customer Copy) တောင်းပြီး  Item တစ်ခုချင်း၊ တစ်ကြောင်းချင်း စစ်ပါ။ နေ့စဉ်လာပို့နေကျ Supplier ဆိုရင် ပစ္စည်းလက်ခံရင်းနှင့် ရင်းနှီးနေတဲ့အတွက် လာပို့တဲ့ အရေအတွက်က မှန်မှာပဲ၊ လူရင်းတွေပဲ ဆိုပြီး ပစ္စည်းလက်ခံ / စစ် တဲ့အခါ သေချာမစစ်ပဲ, ပစ္စည်းလက်ခံရှိကြောင်း လက်မှတ်ထိုးပေးလိုက်တာမျိုး မလုပ်သင့်ပါ၊ အကြောင်းအမျိုးမျိုးကြောင့် လာပို့တဲ့ ပစ္စည်းစာရင်းက ကွာတတ်၊​ လွဲတတ်တာမို့ - အလျှော့နှင့် လက်ခံမိရင် DO လက်မှတ်ထိုးပေးလိုက်တဲ့ သူရဲ့ တာဝန်ဖြစ်သွားပြီး၊​ ပြန်ဖြေရှင်းရလည်း ခက်ပါတယ်။
ပစ္စည်း အလျှော့၊ အပျက်၊ Item အလွဲ ရှိပါက အရည်အတွက် အတိအကျကို DO မှာ မှတ်ချက်ရေးပြီး လာပို့တဲ့ သူကို သူလည်းသိကြောင်း၊ အလျှော့၊ အပျက်၊ Item အလွဲ မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းပါ၊ ပြီးလျှင် သက်ဆိုင်ရာဌာနကို အကြောင်းကြားပါ။
လက်ခံပစ္စည်း အရေအတွက်ကို စာရင်းသွင်းပါ။***

3. Return Item Receiving – Customer ထံမှ ပြန်ပို့သောပစ္စည်းကိုလက်ခံခြင်း



Customer ထံမှ ပစ္စည်းပြန်ပို့ (Return လုပ်) ရတဲ့အခါ များသောအားဖြင့် အောက်ပါအကြာင်းအရင်း (Reasons)  များကြောင့် Return လုပ်လေ့ရှိပါတယ်။

  1. အရေအတွက် ပို/လျော့ ပါလာခြင်း - Wrong Quantity
  2. Item လွဲပြီးရောက်လာခြင်း - Wrong Item
  3. သက်တမ်းကုန်ဆုံးရက် နီးနေခြင်း - Near Expiry
  4. အရေအသွေး (Quality) မပြည့်မှီခြင်း - Quality Fail
  5. ပျက်စီး / ပိန့် / ချိုင့်နေခြင်း - Damaged Item
  6. အော်ဒါ နှစ်ကြိမ်မှာမိခြင်း - Double Order
  7. မှာထားပေမယ့် မယူချင်တော့ခြင်း - Order Cancelled / Customer Changed Mind
  8. သတ်မှတ်ကာလ အတွင်း ငွေမပေးနိုင်ခြင်း - Can not pay on due date

Return item တွေ လက်ခံတဲ့အခါ Retrun Form နှင့် စနှစ်တကျ - သေချာစစ်ပြီး လက်ခံသင့်ပါတယ်။ Return Form မရှိပါက ပူးတွဲပါ နမူနာ Form လိုမျိုးဖန်တီးပြီး မိမိကုမ္ပဏီရဲ့ လိုအပ်ချက်နှင့်ကိုက်ညီမယ့် အချက်အလက်တွေ ဖြည့်သွင်းပြီး Return Form ဖန်တီးသင့်ပါတယ်။

လက်ခံပြီးတာနှင့် ပစ္စည်းရဲ့ အခြေအနေ ပေါ်မှာ မူတည်ပြီး Main Stock ထဲကို ပြန်ထည့်မလား၊ သီးသန့်ခွဲထားတဲ့နေရာ (Quarentine Area) မှာ ထားမလား စသဖြင့် ဘယ် Location မှာထားသင့်လဲ စီစစ် ဆုံးဖြတ်ပြီးမှ လက်ခံပစ္စည်း အရေအတွက်ကို စာရင်းသွင်းပါ။***


မှတ်ချက်။ ။ ***လက်ခံပစ္စည်း အရအတွက်ကို စာရင်းသွင်းတဲ့အခါမှာ မိမိကုမ္ပဏီက ချမှတ်/ကျင့်သုံးထားတဲ့ နည်း စနစ်တွေ ဟာ ကုမ္ပဏီ တစ်ခုနှင့်တစ်ခု ကွဲပြားလေ့ရှိပါတယ်။ အလေးအနက်ထားပြီး လုပ်ဆောင်သင့်တာ တစ်ခုက ဘယ်စနစ်နှင့်ပဲသွင်းသွင်း လက်ခံပြီး စာရင်းသွင်းဖို့ မမေ့ဖို့ရယ်၊ ကိုယ်သွင်းတဲ့ စာရင်းထဲမှာ အပျက်၊ အလျှော့၊ QC Fail ပစ္စည်းအရေအတွက်များကိုလည်း စနစ်တကျ မှတ်သား စာရင်းသွင်းပါ။

ကျနော့ရဲ့ Blog / Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား။

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
  3. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ





No comments:

Post a Comment

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...